မာန်အောင်မြို့နယ် အ-ထ-က မာန်အောင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်ပြည့်စိန်ရတုအခမ်းအနားကျင်းပ

​မာန်အောင် ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း မာန်အောင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်ပြည့်စိန်ရတုအခမ်းအနားကို ယမန်နေ့နံနက် ၁၁:၃၀ အချိန်က အ-ထ-က အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေ့ဦးစွာအခမ်းအနားကို အ-ထ-က မာန်အောင် ကျောင်းသား၊ ကျောင်းသူများက ``ကြိုဆိုပါသည်စုံညီပွဲတော်´´ ပဏာမသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်တို့က အဖွင့်အမှာစကားပြောကြားကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းမှ ပညာရေးစုံညီပွဲတော်နှင့် (၇၅)နှစ်ပြည့်စိန်ရတုအခမ်းအနား ဖြစ်မြောက်ရေးအတွက် လုပ်ငန်းစဥ်များနှင့်ပတ်သက်၍လည်းကောင်း၊ အ-ထကကျောင်းသား/သူဟောင်းများ၏ကိုယ်စား ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဦးဝင်းမြင့်မှ အ-ထ-ကကျောင်းနှင့်ပတ်သက်၍ အမှတ်တရ စကားပြောကြားသည်။

ယင်းနောက် ဆုပေးပွဲကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်း၊ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းနှင့်တာဝန်ရှိသူများက ပြည်နယ်အဆင့်၊ ဇုံအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့်တို့တွင် ကာယ၊ ဉာဏ၊ ကျောင်းဖွံ့ဖြိုးတိုးတက်မှု ဆုရကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့​ကြသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ ၃၀၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)