ဂွ ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက စည်ကျေးရွာ မူလတန်းကျောင်း၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီတွင် ရွာသစ်ကုန်းကျေးရွာ၊ မူလွန်ကျောင်းခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့်အားကစားကဏ္ဍအကြောင်း အသိပညာပေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မာမာလေးက ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီရွေးချယ်စားသောက်တတ်စေရေး အသိပညာပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်များအနေဖြင့် ငယ်ရွယ်စဉ်ကစ၍ စာပေလေ့လာဖတ်ရှုခြင်း အလေ့အကျင့်ထားရှိသင့်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးများက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များ ဝေငှခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်