စစ်တွေ ဇန်နဝါရီ ၉
အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ စနစ်တကျဖြန့်ဝေ ရောင်းချနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစည်းရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ၊ ဆီစက်နှင့်ဆီလုပ်ငန်းရှင်များ၊ စက်သုံးဆီလုပ်ငန်းရှင်များနှင့် စစ်တွေမြို့မဈေးကော်မတီများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်းက ယခုကဲ့သို့ အစည်းအဝေးခေါ်ယူရခြင်းမှာ မကြာမီရောက်ရှိလာမည့် MV Moon Light သင်္ဘောဖြင့် ပါရှိလာသော အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ပြည်သူလူထုထံစနစ်တကျဖြန့်ဝေရောင်းချနိုင်ရေးနှင့် သင့်တင့်သောဈေးနှုန်းဖြင့် ရောင်းချနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းပေါင်းစပ်နိုင်ရန်ဖြစ်ကြောင်း၊ အလားတူ ကုန်ပစ္စည်းများကို စားသုံးသူများထံ တိုက်ရိုက်ရောက်ရှိအောင် ရောင်းချနိုင်ရန်နှင့် တစ်ဆင့်ခံ အမြတ်တင်ရောင်းချမည့်သူများ၊ ကုန်ပစ္စည်းများကို သိုလှောင်၍ ဈေးကစားမည့်သူများလက်ထဲသို့ မရောက်ရှိအောင် အဓိကထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်သူများစားဝတ်နေရေး ပြေလည်မှုရှိစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ကုန်ပစ္စည်းများဝယ်ယူခွင့်ရနိုင်ရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကုန်ပစ္စည်းများကို ရေလမ်းကြောင်းမှသယ်ယူခွင့်ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကူညီဆောင်ရွက်ပေးမှုအပေါ် လုပ်ငန်းရှင်များမှလည်းသိရှိပြီး ပူးပေါင်းပါဝင်ကာ ပြည်သူထူထုအတွက်လိုအပ်ချက်ကို ထိရောက်စွာဆောင်ရွက်ပေးရန်ကိုလည်း ပြောကြားလိုကြောင်း၊ ထို့ပြင် မလိုလားအပ်သော နေရာများနှင့်အမှန်တကယ်လိုအပ်မှု မရှိသောသူများ လက်ထဲမရောက်ရှိအောင် တာဝန်ရှိသူများမှ ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားရန်လည်းလိုအပ်ကြောင်း၊ စားအုန်းဆီများကို သတ်မှတ်ပေးထားသည့် နည်းလမ်းများအတိုင်း တာဝန်ယူဆောင်ရသည့်အသင်းအဖွဲ့၊ လုပ်ငန်းရှင်များမှ စနစ်တကျရောင်းချပေးရမည်ဖြစ်သကဲ့သို့ စက်သုံးဆီများကိုလည်း ကာလအတိုင်းအတာတစ်ခုအထိ သုံးစွဲနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းထားသည့် နည်းလမ်းများအတိုင်း စနစ်တကျရောင်းချသွားရန် လိုအပ်ကြောင်း၊ သို့မှသာ ပြည်သူလူထုမှ စက်သုံးဆီများကို သတ်မှတ်ထားသည့် အရေအတွက်ပမာဏအတိုင်း ဝယ်ယူသုံးစွဲခြင်းအားဖြင့် စက်သုံးဆီပြတ်လပ်မှုမဖြစ်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသောအသင်းအဖွဲ့များ၊ ကုန်သည်၊ လုပ်ငန်းရှင်များကလည်း ဆောင်ရွက်မည့်အစီအမံများနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုကြောင်း၊ သို့မှသာကြုံတွေ့နိုင်သည့် အခက်အခဲများကို ပေါင်းစပ်ညှိနိုင်းဖြေရှင်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုရောက်ရှိမည့် သင်္ဘောအပြင် ရန်ကုန်မှသင်္ဘောများ ထပ်မံလာရောက်နိုင်ရေး စီမံထားရှိပြီးဖြစ်သည့်အတွက် ကုန်ပစ္စည်းများပြတ်လပ်မှုမဖြစ်နိုင်ကြောင်းနှင့် ရှိပြီးသားကုန်ပစ္စည်းများကို အချိန်တိုအတွင်း ဦးရာစနစ်ဖြင့် အများအပြားဝယ်ယူခြင်း၊ သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ မဖြစ်ပွားစေရေးအတွက် သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ ဆက်သွယ်မှုပြတ်တောက်ခြင်းမရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်နိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများသင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ် ဆီစက်နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ ရခိုင်ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်းနှင့် စစ်တွေမြို့မဈေးကော်မတီများမှ တာဝန်ရှိသူများက စစ်တွေမြို့သို့ရောက်ရှိလာသော ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနိုင်ရေး၊ စနစ်တကျဖြန့်ဝေးနိုင်ရေးနှင့် ကုန်ပစ္စည်းများ ဆက်လက် ရောက်ရှိလာနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ရောက်ရှိလာသောကုန်ပစ္စည်းများအား စနစ်တကျ အတင်အချပြုနိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေး၊ သိုလှောင်ထိန်းသိမ်း ရောင်းချခြင်းမပြုစေရေး၊ လိုအပ်မှုမရှိသောနေရာများသို့ မရောက်ရှိစေနိုင်ရေးတို့ကို ဖြည့်စွက်အကြံပြု တင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ပြန်လည်ဆွေးနွေးပေးပြီး လိုအပ်သည်ကို ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)