သရက်ချောင်း ဇန်နဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း အသိပေးဆွေးနွေးခြင်းနှင့် AEFI Refresher Training အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက ယခုထိုးနှံမည့် ကိုဗစ်-၁၉ ရေညဂါကာကွယ်ဆေးသည် ဂျာမနီနိုင်ငံမှထုတ်လုပ်ပြီး အရည်အသွေးမြင့်မားပါသဖြင့် ပြည်သူလူထုများအတွက် ပိုမိုအကျိုးရှိပါကြောင်း၊ အဆိုပါကာကွယ်ဆေးအား ဦးစားပေးအနေဖြင့် အသက်(၅၀)နှစ်ကျော် နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ အသက်(၆၅)နှစ်အထက် ပြည်သူလူထုများ၊ နာတာရှည်ရောဂါရှင်များအား ထိုးနှံပေးမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးပိုပါက အသက် (၁၈)နှစ်အထက် ပြည်သူလူထုကိုပါထိုးနှံပေးမည်ဖြစ်ကြောင်း၊ ယခုထိုးနှံမည့် Pfizer ဆေးသည် အသင့်ဖျော်စပ်ထားပြီး ရက်ပေါင်း(၇၀)အတွင်း အပြီးထိုးနှံရမည်ဖြစ်ကြာင်း၊ ဆေးပုလင်းအားဖောက်ပြီးပါက (၆)နာရီမှ (၁၂)နာရီအတွင်း ထိုးနှံရမည်ဖြစ်၍ ဆေးလေလွင့်မှုမရှိစေရန် ဆေးထိုးနှံမည့်သူများအား စုပေါင်းထိုးနှံရန်လိုအပ်ကြောင်း၊ အခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံမည့်သူများအား ကာကွယ်ဆေးအပြည့်အဝ ထိုးနှံမှုရရှိနိုင်ရေးအတွက် ဝိုင်းဝန်းပူပေါင်းကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့ပြီး ထို့သို့ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းမှသာလျှင် အရည်အသွေးမြင့်မားသည့် Pfirzer ဆေးအား ပြည်သူလူထုအနေဖြင့် အကျိုးရှိစွာ အသုံးပြုမှုရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက အခမ်းအနားသို့ တက်ရောက်လာသူများအား မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းနှင့်ပတ်သက်၍ အသိပေးဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသူများက ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးကာ အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)