ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများ ရောက်ရှိလာမှုနှင့် စစ်တွေလေဆိပ်တို့အား သွားရောက်ကြည့်ရှုစစ်ဆေး

စစ်တွေ ဇန်နဝါရီ ၇

စစ်တွေမြို့ လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြားများအား စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုနှင့် စစ်တွေလေဆိပ်တို့ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘက်စုံသုံးဆိပ်ကမ်း၌ ပြည်တော်အေးသင်္ဘောပေါ်မှ နေပူခံကျောက်ပြားများကို လူအင်အား၊ စက်ယန္တရားအင်အားများအသုံးပြုကာ အတင်အချပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ရွှေပြည်အေးသင်္ဘောပေါ်တွင် လောကာနန္ဒာစေတီတော်ရင်ပြင်၌ အသုံးပြုမည့် နေပူခံကျောက်ပြား ၁၃၀၀၀၀ ကျော် တင်ဆောင်လာကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်တွေလေဆိပ်အား ပြုပြင်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုစဉ် လေဆိပ်အတွင်း ခရီးသွားပြည်သူများ အေးချမ်းစွာသွားလာနေမှုအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ခရီးသည်တင်လေယာဉ်များ ရောက်ရှိထွက်ခွာနေမှု၊ ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာ သွားလာနိုင်ရန်အတွက် လုံခြုံရေးကင်မရာများ တတ်ဆင်ထားရှိမှုနှင့် လေဆိပ်တာဝါမှလေယာဉ်များ အန္တရာယ်ကင်းရှင်းစွာ ဆင်းသက်နိုင်ရေးစီမံ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက လေဆိပ်တာဝန်ရှိသူများအား ခရီးသွားပြည်သူများ အေးချမ်းစွာ ခရီးသွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးကြရန်နှင့် ခရီးသည်အဝင်အထွက်နေရာများ၊ နားနေခန်းနေရာများနှင့် လေဆိပ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျ ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)