ရခိုင်ပြည်နယ်အတွင်း အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၂၉၂ ဦးလွတ်မြောက်

စစ်တွေ ဇန်နဝါရီ ၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ အမိန့်အမှတ် ၁/၂၀၂၄ ဖြင့် ယနေ့(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ရာတွင် ရခိုင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်အသီးသီးမှ  အကျဉ်းသား/အကျဉ်းသူ ၂၉၂ ဦးလွတ်မြောက်ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၄ ခုနှစ်၊ ဇွန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊အကျဉ်းသူများကို နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်များဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလျက်ရှိသည်။

ထို့သို့လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် စစ်တွေအကျဉ်းထောင်မှ အကျဉ်းသား ၈၅ ဦး၊ အကျဉ်းသူ ၁၀ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ အကျဉ်းသား ၃၅ ဦး၊ အကျဉ်းသူနှစ်ဦး၊ ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၃၃ ဦး၊ အကျဉ်းသူ ၁၅ ဦး၊ နှင့် သံတွဲအကျဉ်းထောင်မှ အကျဉ်းသား ၁၀၂ ဦး၊ အကျဉ်းသူ ၁၀ ဦး စုစုပေါင်း အကျဉ်းသား၊ အကျဉ်းသူ  ၂၉၂ ဦးလွတ်မြောက်ကြောင်း သိရသည်။

အဆိုပါလွတ်မြောက်လာသူများအား မိသားစုဝင်များ၊ သူငယ်ချင်းနှင့်မိတ်ဆွေများက ရင်းနှီးပျော်ရွှင်စွာ ကြိုဆိုကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)