စစ်တွေ ဒီဇင်ဘာ ၃၁
သာသနာ ၂၅၆၇၊ကောဇာ ၁၃၈၅ ရခိုင်ကဆန်လဆန်း(၂)ရက်၊ ၂၀၂၃ ခုနှစ်၊ မေလ၊ ၂၀ ရက် စနေနေ့၊ ည၃ နာရီအချိန်တွင် ဘဝနတ်နန်းစံမြန်းတော်မူသော ရခိုင်ပြည်နယ် စစ်တွေမြို့ ကျောင်းတက်လမ်း ရပ်ကွက် စစ်တွေမြို့ ဓမ္မသုခကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက ပြည်နယ် သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(ငြိမ်း)ပြည်နယ်ဩဝါဒစရိယ၊ သာသနာဓဇ ဓမ္မာစရိယ၊အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ သက်တော်(၇၉)နှစ်၊ သိက္ခာတော်(၅၉)ဝါ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပနာသာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းတွင် အဆိုပါကျောင်း၌ကျင်းပသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်နယ်ဩဝါဒစရိယ၊ မင်းကန်ပဝါရဏာနိကာယ ဂိုဏ်းချုပ်၊ ရသေ့တောင်မြို့နယ်၊တင်းကုတ်ကျေးရွာ၊ တင်းကုတ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓာဝီ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိကထာကို စစ်တွေမြို့ အမျိုးသားပရဟိတ ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒက လည်းကောင်း၊ ပြည်နယ်သံဃနယာကအဖွဲ့၏ သံဝေဂဉာဏ်ပွားများ ကြောင်း သဝဏ်လွှာကိုပြည်နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် စစ်တွေမြို့ ဂြစ်ဖက် ကျောင်းတိုက် ပဓာနာယက ဆရာတော် ဘဒ္ဒန္တဇာဂရ လည်းကောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်နယ်ဥပဒေချုပ် ဦးလှသိန်က လည်းကောင်း ဖတ်ကြားကြ သည်။
ဆက်လက်ပြီး ပင့်သံဃာအရှင်သူမြတ်တို့အား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူများ က လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်ဩဝါဒစရိယ၊ မင်းကန်ပဝါရဏာနိကာယ ဂိုဏ်းချုပ်၊ ရသေ့တောင်မြို့နယ်၊တင်းကုတ်ကျေးရွာ၊ တင်းကုတ်ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တမေဓာဝီ မဟာထေရ်မြတ်ထံမှ သံဝေဂကထာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေးကြသည်။ ဆက်လက်၍ စစ်တွေမြို့ ပညာမဂ္ဂင်ကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒသုမန ရေးသားသော ပစ္ဆိမဝန္နနာဂါထာကို ပညာမဂ္ဂင်ကျောင်းတိုက်ဆရာတော်က ဘဒ္ဒန္တသုမနက ရွတ်ဖတ်ပူဖော်၍ အပြစ်ရှိက တောင်းပန်ကန်တော့လွှာကို မြို့မပရိယတ္တိစာသင်တိုက် ဘဒ္ဒန္တစန္ဒောဘာသက ပရိသတ်များအားတိုင်ကြားပေး၍ ဆရာတော်ကြီးအား ရှိခိုးကန်တော့ကာ စစ်တွေမြို့၊ တောင်ရွှေရွာကျောင်းတိုက် ပဓာနနာယက၊ မဟာဂန္တဝါစကပဏ္ဍိတ ပြည်နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဓမ္မိကက ကျေးဇူးတင်စကားပြောကြား၍ စစ်တွေမြို့ မြို့နယ် သံဃာနယက အကျိုးတော်ဆောင် အောင်မြေကုန်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ထာဝရ ဂါရဝဝန္ဒနာဖြင့် ကန်တော့၍လည်းကောင်း၊ ပေါက်တောမြို့နယ် မင်းတည်းကျေးရွာ သဒ္ဒမ္မရာတနာ ကျောင်း ဆရာတော် ဘဒ္ဒန္တသုဝဏ္ဏက အဘိယာစနနီမန္တနဂါထာကို ဖတ်ကြားလျှောက်ထား၍ လည်းကောင်း၊ အနိစ္စာဝတ သင်္ခါရာ အစရှိသော သံဝေဂဂါထာကို ရွတ်ဆိုပူဇော်၍ ပင့်ဆောင်ခဲ့ကြ ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)