ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှု စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွှဲပြီး (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေလှူဒါန်းပွဲအခမ်းအနားသို့တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၃၁

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် နှစ်စဉ်ဒီဇင်ဘာလအား လူထုအားကစားလအဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုစုပေါင်းလမ်းလျှောက်ပွဲများ၊ စုပေါင်းကိုယ်လက် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ၊ ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ၊ Physical Fitness Dance များ စုပေါင်းဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ စုပေါင်းလမ်းလျှောက်ပွဲကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စတင်ဖွင့်လှစ်ပေးပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ လမ်းလျောက်ပွဲကိုပါဝင်ဆင်နွှဲကြသည်။

ရခိုင်ပြည်နယ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို စစ်တွေမြို့ ဓညဝတီအားကစားကွင်းတွင် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အားကစားကွင်းပွဲကြည့်စင်ရှေ့၌ စုပေါင်းကိုယ်လက်ကြံခိုင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ပြုလုပ်ခဲ့ကြသည်။

ယနေ့စုပေါင်းလမ်းလျှောက်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူမှုရေးအဖွဲ့အစည်းများ စုစုပေါင်းအင်အား (၅၀၀) ကျော်တို့ ပါဝင်ဆင်နွှဲခဲ့ကြသည်။

ထို့ပြင် စုပေါင်းလမ်းလျှောက်ပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများက အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ကွမ်းသီးခေါက်ပြိုင်ပွဲ စသည့်အားကစားနည်းပြိုင်ပွဲများကိုလည်း ပါဝင်ဆင်နွှဲခဲ့ကြသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစု​ပေါင်း ၁၂၃ ဦး စုပေါင်းသွေးလှူဒါန်းနေမှုအား လိုက်လံကြည့်ရှုအားပေး စကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)