အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတတ်မှုဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ

အမ်း ဒီဇင်ဘာ ၂၉

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမ်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁နာရီအချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)အမှတ်(၁၇)မှ မိုးသက်နှင်း ရေးသားသည့်စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတတ်မှုဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက  စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတတ်မှုဆောင်းပါးမှ စာပေသည် တိုင်းပြည်တစ်ပြည်၊ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုအဆင့်အတန်းကိုဖော်ပြသဖြင့် လူမျိုးတိုင်းတွင် အမျိုးသားစာပေဟူ၍ရှိကြောင်း၊ စာပေနှင့်ကင်းပါက မည်သည့်လူမျိုးမျှ မတိုးတက်မဖွံ့ဖြိုးနိုင်ကြောင်း၊ ရှင်မဟာရဌသာရ၏ စာပေနှင့်ပတ်သက်၍ စာပေအလေ့အထ ရင့်ကျက်ခိုင်မာလျှင် အသိအလိမ္မာရင့်ကျက်ခိုင်မာ လာစမြဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို နှစ်စဉ်ပြုလုပ်ခဲ့ရာ အောင်မြင်တိုးတက်မှုများ၊ စာတတ်မြောက်ရေးလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အခန်းကဏ္ဍတွင် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ ရှေ့ကာလက စာမတတ်သူများစွာရှိခဲ့သဖြင့် အသိပညာဗဟုသုတနည်းပါးပြီး အများနှင့်တန်းတူ အများနှင့်ရင်ဘောင်တန်းရေးတွင် အလှမ်းဝေးခဲ့ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်သည့် စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် ချောစုခင်က မြန်မာနိုင်ငံ၏ ပညာရေးအစသည် ဘုန်းတော်ကြီးကျောင်းပညာရေးဖြစ်ကြောင်း၊ ကျေးလက်ဒေသ ကလေးသူငယ်များသည်များသောအားဖြင့် ဘုန်းကြီးကျောင်းပညာရေးဖြင့်သာ စာတတ်မြောက်ခဲ့ကြကြောင်း ဆွေးနွေးပြီး စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင် မခင်ခင်စိုး၊ မအေးအေးစံ၊ မသန်းသန်းစိုးနှင့် တက်ရောက်လာသူများက စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတတ်မှု ဆောင်းပါးမှ ယနေ့နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးသည် စာမတတ်သူပပျောက်ရေးကို ဦးတည်ခြင်းဖြစ်ကြောင်း၊ စာတတ်သူများလာမှ ဆင်းရဲမှုသည်လည်း အထိုက်အလျောက် လျော့နည်းမည်ဖြစ်ကြောင်း၊ ယနေ့ခေတ်သည် ပညာရေးခေတ်ဖြစ်သည်နှင့်အညီ ပညာရပ်များမှာလည်း ခေတ်နှင့်အညီ တစ်ပြေးညီ တိုးတက်လျက်ရှိနေပါကြောင်း၊ ဆက်သွယ်ရေးနည်းပညာများမှာလည်း တစ်ဟုန်ထိုး တိုးတက်လျက်ရှိနေရာ လူသားတို့အဖို့ခေတ်မီပညာရပ်မျိုးစုံကို တတ်ကျွမ်းထားရန်လိုအပ်ကြောင်းနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ကြသည်။

အဆိုပါ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)အမှတ်(၁၇)မှ မိုးသက်နှင်းရေးသားသည့် စာတတ်မြောက်ခြင်းနှင့် နိုင်ငံဖွံ့ဖြိုးတိုးတတ်မှု ဆောင်းပါးအား ဖတ်ကြားဆွေးနွေးချက်များအပေါ် ဦးစီးအရာရှိ ဦးစန်းဝင်းက ပြန်လည်သုံးသပ်ဆွေးနွေး‌ပြောကြားခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပါ အကြောင်းအရာများအား ကျောင်းသား/ကျောင်းသူလူငယ်များက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)