သံတွဲ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှုကျင်းပသည့် (၄၄) ကြိမ်မြောက်၊ ခရိုင်၊ မြို့နယ် ဌာနပေါင်းစုံဝန်ထမ်းများနှင့် စေတနာရှင်အလှုရှင်များ၏ စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတော်ကို ယနေ့နံနက် ၉ နာရီက သီရိမင်္ဂလာမြို့ ဦးတောင်ကျောင်း၌ ကျင်းပပြုလုပ်ရာ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုရာများနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ မဟာဘုံကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတော်ကို ကြွရောက်တော်မူကြသည့် ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပေးတော်မူကြပြီး သီရိမင်္ဂလာမြို့ဦးတောင်ကျောင်းဆရာတော် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်များ နာယူကြသည်။
၎င်းနောက် သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ကထိန်လျာညှပ်သင်္ကန်းမကြီးနှင့် လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး ခရိုင်အဆင့်၊မြို့နယ်အဆင့် ဌာနဆိုရာများနှင့်အလှူရှင်များက ဆရာတော်သံဃာတော်များအား၊ လှူဘွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ရိမင်္ဂလာမြို့ဦးတောင်ကျောင်းဆရာတော်ထံမှ ကထိန်အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြသည်။
အခမ်းအနားအပြီးတွင် ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)