အမ်း နိုဝင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ဒုတိယကြိမ်မြောက် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များစုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှစတင်ကာမြို့တွင်း လမ်းမတစ်လျှောက် ပဒေသာပင်များအား မော်တော်ယာဥ်များဖြင့် ပဒေသာပင် (၁၁) ပင်အား တင်ဆောင်၍ ဝဏ္ဏိတာရာမကျောင်းတိုက်သို့ စည်ကားသိုက်မြိုက်စွာ စုပေါင်းလှည့်လည်ခဲ့ကြသည်။
အဆိုပါ ဒုတိယကြိမ်မြောက် ခရိုင်/ မြို့ နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းမဟာဘုံကထိန်ပွဲကို မြို့နယ်ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်နှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ပင့်ဖိတ်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး ဘန်းတောင်ကျောင်းတိုက်မှ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောင်တည်ကြသည်။ ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီးနောက် ဝဏ္ဏိတာရာမကျောင်း တိုက်ဆရာတော်အရှင်သူမြတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ကထိန်ဉာတ်သင်္ကန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများကဆရာတော် သံဃာတော်အရှင်သူမြတ်များအား ကထိန်အရံသင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)