ရခိုင်ပြည်နယ် မောင်တောမြို့၌ ပညာရေးဌာနမိသားစု၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း

မောင်တော    နိုဝင်ဘာ   ၂၄

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ပညာရေးဌာနမိသားစု၏ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီအချိန်  မြို့မကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပင့်သံဃာတော်ဆရာတော်ကြီးများ၊ ခရိုင်ပညာရေးမှူး ဦးချစ်သိန်း၊ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဦး ဇော်လင်းဦးနှင့် ရုံးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ် များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး  မြို့မပရိယတ္တိ စာသင်တိုက်၏ တိုက်အုပ်ဆရာတော်ဘုရားထံမှ ငါးပါးသီလခံယူဆောင် တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီးနောက်  ရွက်ညိုတောင် ဆရာတော် အရှင်သူမြတ်အား မြို့နယ်ပညာရေးမှူး(တာဝန်ခံ)  ဦးဇော်လင်းဦးက ကထိန်မသင်္ကန်းအား ဆက်ကပ် လှူဒါန်းခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ် ဆရာတော် သံဃာတော် အရှင် သူမြတ်များအား   ကထိန်သင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး  ရွက်ညိုတောင်ဆရာတော်အရှင်သူမြတ်ထံမှ အနုမောဒနာတရား နာယူကာ  လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာ သနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဘုရားဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုးရွာသွန်းဖြိုးကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်ခရိုင်(ပြန်/ဆက်)