မောင်တော နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်း ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြု လုပ်ခဲ့သည်။
ရှေးဦးစွာ ပင့်သံဃာတော် ဆရာတော်ကြီးများ၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ် ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့ပြီး သန္တိသုခကျောင်းတိုက်ဆရာတော်ဘုရားထံမှ ငါးပါးသီလ ခံယူဆောင်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီး မြှင့်တော်မူကြပြီးနောက် ပဲရုံကျောင်းတိုက်ဆရာတော်အရှင်သူမြတ်အား ကထိန်သင်္ကန်း အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးမောင်ခင်ဝင်းနှင့် ဆရာ ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ ၊ ဖိတ်ကြားထားသော ဧည့်ပရိတ်သတ် များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ဝတ္တု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဗဟိုလ်ကျောင်းတိုက်ဆရာတော်ဘုရားထံမှ အနုမောဒနာ တရားနာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆိုဘုရား ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော်၊သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)