မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲ ကျင်းပ

မာန်အောင် နိုဝင်ဘာ ၂၃

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၏ (၁၄)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရ  အမှူးပြုသော သံဃာတော်(၉)ပါးကြွရောက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တက်ရောက်လာကြသူများက မဟာဓမ္မိကာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တဝိစိတ္တသာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး မဟာဓမ္မိကာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိစိတ္တသာရထံမှ ကထိန်ရေစက်ချအနုမောဒနာတရားတော်မြတ်ကို နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)