မောင်တော နိုဝင်ဘာ ၂၂
စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ စစ်တွေတက္ကသိုလ်မှ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်မှုဖြင့် ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ နို၀င်ဘာ၂၀ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ် အချိန်ခန့်က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းသို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။
အဆိုပါ စစ်တွေတက္ကသိုလ်မှ အဝေးသင်စာမေးပွဲ ဖြေဆိုပြီးမြောက်၍ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား မောင်တောမြို့နယ်အတွင်းရှိ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် ပြန်လည်ရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက နေရပ်ပြန်မည့် ကျောင်းသား၊ကျောင်း သူများအား စာရင်းများ ကောက်ယူပြီး သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျ အပ်နှံကာ မိမိနေရပ်၊ မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် သင်တန်းများ ပြီးမြောက်၍ ရောက်ရှိလာကြသော ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ၎င်းတို့၏ မိသားစုဝင်များ၊ အခြား အစိုးရ ဝန်ထမ်းများ မိမိတာဝန်ကျရာ ရုံးဌာန၊ ကျောင်းများသို့ စိတ်အေးချမ်းသာစွာဖြင့် စနစ်တကျ ပြန်လည် ရောက်ရှိနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မောင်တောမြို့နယ်သို့ ရောက်ရှိလာသော နေရပ်ပြန်မည့် ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းများ ပြီးမြောက်၍ ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ ၊ အခြားအစိုးရဝန်ထမ်းများမှာ အမျိုးသား ၁၄၆ ဦး ၊ အမျိုးသမီး ၁၈၁ ဦး စုစုပေါင်း ၃၂၇ ဦးရောက်ရှိလာပြီး တာဝန်ရှိသူများက စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)