ရခိုင်ပြည်နယ် မောင်တောမြို့သို့ အဝေးသင်တက္ကသိုလ် ကျောင်းသား၊ကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများ ပြန်လည်ရောက်ရှိ

မောင်တော နိုဝင်ဘာ ၂၂

စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ရောက်ရှိနေသည့် ပညာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ၊ အခြားအစိုးရဝန်ထမ်းများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်  ဘူးသီးတောင်မြို့မှ မောင်တောမြို့သို့ ယမန်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ခန့်က  မြို့မအနောက်ရပ်ကွက်၊ သာသနာ့ဗိမာန်တော်သို့ မော်တော်ယာဉ်များဖြင့် ပြန်လည်ရောက်ရှိလာကြရာ တာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

အဆိုပါ ပြန်ရောက်လာသူများတွင် အဝေးသင်စာမေးပွဲ ဖြေဆိုပြီးမြောက်၍ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား မောင်တောမြို့နယ်အတွင်းရှိ မိမိနေရပ်သို့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့်   ပြန်လည်ရောက်ရှိလာရာ သက်ဆိုင်ရာ တာဝန်ရှိသူများက  နေရပ်ပြန်မည့် ကျောင်းသား၊ ကျောင်းသူများအား စာရင်းများ ကောက်ယူပြီး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ စနစ်တကျ အပ်နှံကာ မိမိနေရပ်၊ မိမိနေအိမ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြသည်။ ထို့အပြင် သင်တန်းများ ပြီးမြောက်၍ ရောက်ရှိလာကြသော ပညာရေးဝန်ထမ်းများ ၎င်းတို့၏ မိသားစုဝင်များ ၊ အခြားအစိုးရဝန်ထမ်းများ မိမိတာဝန်ကျရာ ရုံးဌာန၊ ကျောင်းများသို့   စိတ်အေးချမ်းသာစွာဖြင့် စနစ်တကျ ပြန်လည်ရောက်ရှိနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ မောင်တောမြို့နယ်သို့ ရောက်ရှိလာသော ဒုတိယအသုတ်အနေဖြင့် နေရပ်ပြန်မည့် ကျောင်းသား၊ကျောင်းသူများ၊ သင်တန်းများ ပြီးမြောက်၍ ရောက်ရှိနေသည့် ပညာရေး ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ အခြားအစိုးရဝန်ထမ်းများ၊ စုစုပေါင်း အမျိုးသား ၂၂၉ ဦး ၊ အမျိုးသမီး ၂၆၂ ဦး  ပေါင်း ၄၉၁ ဦးရောက်ရှိလာပြီး တာဝန်ရှိသူများက  စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ 

သက်လွင်စိုး ၊အောင်ကျော်စိန်(ပြန်/ဆက်)