ဂွမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး

 ဂွ  နိုဝင်ဘာ ၂၂

မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ ရခိုင်ပြည်နယ်၊ ဂွမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းမှစ၍  ရောင်းချပေးခဲ့သည်။

ဂွမြို့နယ်တွင် Lwin Mg Mg Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကြီးကြပ်လျက် မြို့နယ်စားသုံးဆီအရောင်းကိုယ်စားလှယ် ဦးဟိန်းမင်းထက် ဦးဆောင်သောအဖွဲ့မှ ကင်းရုံးရပ်ကွက်အတွင်းရှိ ပြည်သူများကို စားသုံးဆီ တစ်ပိဿာလျှင် ၄၉၅၀ ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်း လက်လီဖြန့်ဖြူး ရောင်းချပေးခဲ့ကြောင်းသိရသည်။

ထိုသို့ စားသုံးဆီရောင်းချမှုကို နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်ပိုင်းမှစပြီး ကင်းရုံး ရပ်ကွက်နေပြည်သူများထံသို့ ပိဿာ (၅၅၀)အား ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်းနှင့်  ညနေပိုင်းတွင် ရွာမရပ်ကွက်၌ လည်းကောင်း၊ (၂၃)ရက်နေ့နံနက်ပိုင်းတွင် မြို့မရပ်ကွက်(ဈေးနား)နှင့် ညနေပိုင်းတွင် မြို့မရပ်ကွက်(အလယ်ရွာ)၌ လည်းကောင်း၊  နိုဝင်ဘာလ (၂၄)ရက်နေ့တွင် ရဟိုင်ကွင်းကျေးရွာ၌ လည်းကောင်း စားသုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသော ဈေးနှုန်းများဖြင့် ဒေသခံပြည်သူများသို့  ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်