စစ်တွေ နိုဝင်ဘာ ၂၁
ရခိုင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ်အတွင်း စိုက်ပျိုးထားသောမိုးစပါးများအချိန်မီ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း၊ အမိုးအကာအောက်ရောက်ရှိစေခြင်းများနှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃)ကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ကြပြီး ခရိုင်နှင့်မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများက Video conference စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ မိုးစပါး လျာထားဧက (၁၀၀၂၀၀၄)ဧကတွင် (၁၀၀၅၉၈၉) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ စိုက်ပျိုးပြီးမိုးစပါးများ အောင်မြင်စွာ ဖြစ်ထွန်းနိုင်ရေးအတွက် ဓာတ်မြေဩဇာသုံးစွဲခြင်း၊ အပင်ပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အတွက် ယခုနှစ် မိုစပါးသည် ယခင်နှစ်များထက် ပိုမိုအောင်မြင်ဖြစ်ထွန်းကြောင်းနှင့် စိုက်ပျိုးပြီးမိုးစပါးအချို့မှာ ရင့်မှည့်၍ ရိတ်သိမ်းနေပြီဖြစ်သည်ဟုသိရကြောင်း၊ နိုဝင်ဘာလ(၁၇) ရက်နေ့အထိ (၁၁၈၃၉၉) ဧကရိတ်သိမ်းပြီးဖြစ်ရာ ရိတ်သိမ်းရန်(၈၈၇၅၉၀) ဧက ကျန်ရှိနေသေးသည်ဟု သိရကြောင်း၊ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သည့် မုန်တိုင်းအရှိန်ကြောင့် မြို့နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် စိုက်ပျိုးထားသည့် မိုးစပါးများမှာ ရင့်မှည့်၍ ရိတ်သိမ်းချိန်တန်ပြီး စပါးခင်းအချို့စွတ်စိုလျက်ရှိသည့်အတွက် မိုးရပ်ပြီးနေပွင့်သည်နှင့်တပြိုင်နက် ရိတ်သိမ်းခြင်း လုပ်ငန်းများကို မိမိတို့ခရိုင်၊ မြို့နယ်အလိုက်အင်နှင့်အားနှင့် ဆောင်ရွက်ကြရမည်ဖြစ်ရာ စိုက်ခင်းထဲ လူနှင့်စက်များ ဝင်ရောက်နိုင်ရန်အတွက် ရေရှိနေသောစပါးခင်းများအား ရေထုတ်ခြင်းလုပ်ငန်းများကို တောင်သူများအား စည်းရုံး၍ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ဦးစားပေး ရိတ်ရမည့်နေရာများကို စိစစ်ရမည်ဖြစ်ပြီး မြို့နယ်ရှိ ဌာနပိုင်၊ ပုဂ္ဂလိကပိုင်စက်များဖြင့် ဦးစားပေးရိတ်သိမ်းရ ရမည် ဖြစ်ကြောင်း၊ စက်များသွားရောက်၍မရသော နေရာများတွင်လူအင်အားနှင့် ရိတ်သိမ်းခြင်း၊ ရိတ်သိမ်းပြီး ပါက တလင်းပျောက်စနစ်ဖြင့် ချွေလှေ့နိုင်ရန် ချွေလှေ့စက်များ အသုံးပြုကြရမည်ဖြစ်ပြီး မိမိတို့မြို့နယ်အလိုက်ရှိသော စက်ကိရိယာများကို ထုတ်သုံးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း (ရခိုင်ပြည်နယ်အသင်းခွဲ) တွင်လည်း စပါးချွေလှေ့စက်(၂၅၅)လုံးရှိသည်ဟု သိရပါကြောင်း၊ မိမိတို့ပြည်နယ်အတွင်းရှိစပါးများ အရည်အသွေးကောင်းရေး၊ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေး ကြရမည်ဖြစ်ကြောင်း၊ အလားတူ အမိုးအကာအောက်ရောက်ရှိရေးသည်လည်း အရေးကြီးသော လုပ်ငန်းတစ်ရပ်ဖြစ်သည့်အတွက်ကြောင့် တောင်သူများ၏ ရိတ်သိမ်းပြီးစပါးများကို အမိုးအကာအောက်တွင် ဖြန့်ခင်းနိုင်ရန်အတွက် တောင်သူများ၏ သိုလှောင်ရုံများအပြင် မိမိတို့ခရိုင်၊ မြို့နယ် များအတွင်းရှိ ဆန်စက်လုပ်ငန်း ရှင်များ၏ ဂိုဒေါင်များ၊ စိုက်ပျိုးရေးဦးစီးဌာနပိုင် သိုလှောင်ရုံများတွင် ခေတ္တ သိုလှောင်၍ အခြောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့ပြင် ရိတ်သိမ်းပြီးနေရာများတွင် အစိုဓာတ်များ ရှိနေသဖြင့် သီးထပ်စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ တောင်သူများ လိုအပ်သောမျိုးစေ့များအား မှာယူဖြန့်ဖြူးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ ထွန်ယက်ပေးခြင်း လုပ်ငန်းများကို စိုက်ပျိုးရေးဌာနက ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ရေရရှိရေးလုပ်ငန်းများကို ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ရခိုင် ပြည်နယ်အတွင်း စိုက်ပျိုးပြီးမိုးစပါးများ ရိတ်သိမ်းရေး၊ ရိတ်သိမ်း ပြီးမိုးစပါးများ ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ တောင်သူများဝင်ငွေတိုးတက်စေရေးအတွက် သီးထပ်သီးနှံစိုက်ပျိုးနိုင်ရန် ဒေသအလိုက် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ အဖွဲ့အစည်းများ၊ တောင်သူများနှင့် ပူးပေါင်း၍ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက မိုးစပါးများအချိန်မီ ရိတ်သိမ်း၊ ခြွေလှေ့ပြီး အမိုးအကာ အောက်ရောက်ရှိအောင် စီစဉ်ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်နယ်စက်မှုလယ်ယာဦးစီး ဌာနတို့မှ ပြည်နယ် ဦးစီးမှူးများက ရခိုင် ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေ၊ ရိတ်သိမ်း၊ ခြွေလှေ့စက်များဖြန့်ဝေထားရှိမှု အခြေအနေနှင့် ရိတ်သိမ်း၊ ခြွေလှေ့ပြီးအခြေအနေများ၊ ဆက်လက်ရိတ်သိမ်းရမည့်အခြေအနေများနှင့် အမိုးအကာ အောက်ရောက်ရှိနိုင်ရေးဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ Video conference စနစ်ဖြင့်တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီများက မိမိတို့ခရိုင်နှင့် မြို့နယ်အလိုက် မိုးစပါးများစိုက်ပျိုး အောင်မြင်နေမှု၊ ရိတ်သိမ်းနေမှု၊ စက်ယန္တရားများဖြင့် အသုံးပြုဆောင်ရွက်နေမှုနှင့် မြို့နယ်အလိုက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များ၊ လယ်ယာသုံးစက်ပစ္စည်း အရောင်းဆိုင်များမှ တာဝန်ရှိသူများက မိုးစပါးများအချိန်မီ ရိတ်သမ်းခြွေလှေ့ပြီး အမိုးအကာအောက် ရောက်ရှိနိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများအား အကြံပြုဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
အကြံပြုဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားကာနိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)