မိုင်းကိုင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းကိုင် နိုဝင်ဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ယနေ့မနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်) သို့  နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်ရာတွင် ကျောင်းသားကျောင်းသူများ စာပေဗဟုသုတရရှိစေရန်အတွက် သုတနှင့် ရသ စာအုပ်/စာစောင်များအား  ငှားရမ်းပေးခြင်း၊ သုတရသစာအုပ်ပေါင်းစုံကို ခင်းကျင်း၍ စာအုပ်ပြပွဲပြုလုပ်ခြင်း၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး နံရံကပ်စာစောင်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာကြည့်ရှုကာ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ချော(မိုင်းကိုင်)