ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အဝေးသင်စာမေးပွဲဖြေဆိုပြီး၍ မိမိနေရပ်များသို့ ပြန်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်

စစ်တွေ နိုဝင်ဘာ ၁၉

စစ်တွေတက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုပြီးမြောက်၍ ရွှေပြည်တန်အမြန်ရေယာဉ်ဖြင့် မိမိနေရပ်များသို့ ပြန်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့၊ ရွှေပြည်တန်အမြန်ရေယာဉ် ဆိပ်ကမ်း၌ အမြန်ရေယာဉ်ဖြင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်သို့ လိုက်ပါသွားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ပြည်နယ်အစိုးရအဖွဲ့က ဦးစီး၍ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် မိမိတို့နေရပ်များသို့ စနစ်တကျ ပြန်လည်ရောက်ရှိ နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိ နှိုင်းပေးသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သင်္ဘောပေါ်တွင် လိုက်ပါသွားကြမည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စစ်တွေတက္ကသိုလ်သို့ သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများကို တွေ့ဆုံကာ မိမိတို့နေရပ်များသို့ စနစ်တကျ ပြန်လည်သွားရောက်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်နေကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် စစ်တွေမြို့သို့ အဝေးသင်စာမေးပွဲဖြေဆိုရန် လာရောက်ကြစဉ်က မိမိတို့အစီအစဉ်ဖြင့် လာရောက်ကြသော်လည်း ယခုအခါ စာမေးပွဲပြီးချိန်ဖြစ်၍ တစ်စုတစ်ဝေးတည်း ပြန်ကြမည်ဖြစ်ရာ ကျောင်းသားအင်အားများပြားသဖြင့် သင်္ဘောများကို မြို့နယ်အလိုက်ခွဲ၍ ပြေးဆွဲနိုင်ရန်စီစဉ်နေရကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ မိမိတို့ နေရပ်များသို့ စနစ်တကျပြန်လည်ရောက်ရှိနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာများနှင့် တွေ့ဆုံပြီး ကျောင်းသား၊ ကျောင်းသူများမိမိနေရပ်များသို့ စနစ်တကျပြန်နိုင်ရေး စီစဉ်နေမှု၊ ဆရာ၊ ဆရာများနှင့် တက္ကသိုလ်မှဝန်ထမ်းများ တက္ကသိုလ်အတွင်းအေးချမ်းစွာ တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု တို့ကို ပြောကြားပြီး ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

၂၀၂၃ ပညာသင်နှစ်၊ စစ်တွေတက္ကသိုလ် (အဝေးသင်သင်တန်း)တွင် တတိယအသုတ်အဖြစ် မြန်မာစာ၊ သမိုင်းနှင့် စီးပွားအထူးပြု ကျောင်းသား၊ ကျောင်းသူ ၁၀၀၀၀ ကျော်ခန့်ရောက်ရှိ ပညာ သင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)