ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း

စစ်တွေ နိုဝင်ဘာ  ၁၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နေ့လယ်ပိုင်းက စစ်တွေမြို့ပေါ်ရှိ ပြည်နယ်ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ဆရာတော်သံဃာတော်များအား ကျောင်းတိုက်များသို့ သွားရောက်ပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ပြည်နယ်ဩဝါဒါစရိယ နန္ဒာရာမပရိယတ္တိ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဆရာတော်ဘဒ္ဒန္တနန္ဒ သိရီအားသွားရောက်ဖူးမြော်ပြီး စစ်တွေမြို့ ပညာလင်္ကာရကျောင်းတိုက် ဆရာတော်၊ ရွှေစေတီကျောင်းတိုက်ဆရာတော်နှင့် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ တောင်ရွှေရွာ ကျောင်းတိုက်ဆရာတော်တို့အား သွားရောက်ဖူမြော်ကာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လျောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြ၍ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူကြသည်။

ဆရာတော်ကြီးများအား သွားရောက်ဖူးမြော်စဉ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိတို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)အလွန်ပြန်လည်ထူထောင်ရေးကာလတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အားသွန်ခွန်စိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူတို့၏ ပါဝင်ပူးပေါင်းမှု၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့၏ အားထုတ်မှုတို့ကြောင့် မုန်တိုင်းအလွန်ကာလတွင် တရားဥပဒေစိုးမိုးရေး၊ စားရေရိက္ခာဖူလုံမှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်မှုများစွာရှိခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးသည် အဓိကကျပါကြောင်း၊ ယခုရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အခြေအနေများကြောင့် ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထိခိုက်လျက်ရှိနေပါကြောင်း၊ လိုအပ်သည်များရှိပါက ဆရာတော်ကြီးများမှ မိမိတို့အစိုးရအဖွဲ့နှင့် တပည့်ဒါယကာများအပေါ် မေတ္တာတရားရှေ့ထား၍ မိန့်ကြားပေးပါရန် လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)