မိုင်းကိုင် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်) ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပန်ကေတုကျေးရွာအုပ်စုမှ ကျေးလက်နေပြည်သူများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပန်းခင်းစီမံချက် (၂) ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် အခြေခံပညာအလယ်တန်းကျောင်း (ပန်ကတ်) မှ ကျောင်းသား ကျောင်းသူ ၉၅ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ ပန်ကေတုကျေးရွာအုပ်စု၊ ကျေးလက်နေပြည်သူ ၂၄၀ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု ၈၀ စုတို့အတွက် အိမ်ထောင်စုလူဦးရေးစာရင်းများကို တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းသားကျောင်းသူများနှင့် ပန်ကေတုကျေးရွာကိုယ်စားလှဘ်များက လက်ခံရယူကာ သက်ဆိုင်ရာကျောင်းအုပ်ဆရာမကြီးနှင့် ပန်ကေတုကျေးရွာအုပ်စု ကျေးရွာကိုယ်စားလှယ်တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိပြီးသော ကျောင်းသားကျောင်းသူများနှင့် ကျေးလက်နေပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းလှကျော်နှင့် ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းနှင့် Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချော(မိုင်းကိုင်)