မောင်တော နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များ၊ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး အောင်ဗလဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးနှင့် ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ ၊ ဧည့်ပရိသတ်များက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်သင်္ကန်း၊ နဝကမ္မနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး အောင်ဗလဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ ရတနာရွှေမိုး၊ ငွေမိုး ရွာသွန်းဖြိုးခဲ့ကြသည်။ ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)