စစ်တွေမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်း တစ်ဧက တင်း ၁၀၀ ကျော်ထွက်ရှိ

စစ်တွေ နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ် ဆန်စပါးသုတေသန ဖွံ့ဖြိုးရေးစီမံကိန်းဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် အကျဉ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော GW – 11 စပါးမျိုးနှင့် ဆင်းသွယ်လတ်စပါးမျိုးတို့အား ယှဉ်ပြိုင်စမ်းသပ်သရုပ်ပြစိုက်ပျိုးခြင်း၌ ဆင်းသွယ်လတ်စပါးမျိုး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက  ပြည်တော်သာ ရပ်ကွက်၊ ကွင်းအမှတ်(၄၆)၊ ဦးပိုင်အမှတ်(၃)၊ အကျဉ်းဦးစီးဌာန လယ်မြေတွင် ကျင်းပရာ တစ်ဧကအထွက်နှုန်း တင်း ၁၀၀ ကျော်ထွက်ရှိကြောင်း သိရသည်။

စံကွက်ရိတ်သိမ်းပွဲသို့ ရခိုင်ပြည်နယ် မိုးစပါး စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသည့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။ ဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က GW – 11 စပါးမျိုးနှင့် ဆင်းသွယ်လတ်စပါးမျိုးတို့အား ယှဉ်ပြိုင်စမ်းသပ်အောင်မြင်ခဲ့မှုနှင့် တစ်ဧက အထွက်နှုန်းတင်း ၁၀၀ ကျော်ထွက်ရှိမှုတို့အား တောင်သူများကို ရှင်းလင်းပြောကြားရာ တောင်သူများ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် ဆင်းသွယ်လတ်စပါးမျိုး မိုးစပါးစံကွက်အား ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်း အစိုတင်းမှာ (၁၀၄ ဒသမ ၂၅) တင်းထွက်ရှိပြီး အခြောက်တင်း (၁၀၀ ဒသမ ၆၁) တင်းထွက်ရှိသည်။ ယခင် GW.11 စပါးမျိုးကို ရိတ်သိမ်းရာတွင် အစိုအထွက် တင်း(၁၀၃ ဒသမ ၅၀)တင်းထွက်ရှိပြီး အခြောက်အထွက်တင်း (၉၀ ဒသမ ၂၆)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

စစ်တွေမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးစပါးလျာထားဧက ၂၂၀၀၈ ဧကကို လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)