ဂွမြို့၌ စစ်မှုထမ်းဟောင်းအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေးပေးအပ်

ဂွ   နိုဝင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့တွင် မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ သဘာပတိဒုဗိုလ်မှူးကြီး ဉာဏ်ရည်ကျော်(အငြိမ်းစား)နှင့် စစ်မှုထမ်း ဟောင်းအဖွဲ့မှ ဥက္ကဋ္ဌ ဦးသိန်းဌေးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၂၀၂၃-၂၀၂၄ ပညာသင်နှစ် အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ကြေးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ(၅) ဦးအား တစ်ဦးလျှင်လေးသောင်းကျပ်နှုန်းဖြင့် ၂ သိန်းကျပ်အားလည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၈) ဦးအား တစ်ဦးလျှင်ခြောက်သောင်းကျပ်နှုန်းဖြင့် ၄ သိန်း ၈ သောင်း ကျပ် အားလည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၃) ဦးအား တစ်ဦးလျှင် ရှစ်သောင်းကျပ်နှုန်းဖြင့် ၂ သိန်း ၄ သောင်းကျပ်အား လည်းကောင်း၊ တက္ကသိုလ်အဆင့် ကျောင်းသား(၁) ဦးအား တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် ၁သိန်းကျပ်အားလည်းကောင်း တာဝန်ရှိ သူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်