စစ်တွေ နိုဝင်ဘာ ၁၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သူနာပြုနှင့်သားဖွားသင်တန်းကျောင်းသို့ ဆန်အိတ်(၁၀၀)နှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် ဧည့်ခန်း၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူများအနေဖြင့်သင်တန်းကာလအတွင်း သင်တန်း ဆရာမများ သင်ကြားပို့ချပေးသည့် သင်ခန်းစာများ၊ ဆရာဝန်ကြီးများ၏ လက်တွေ့သင်ကြား ပို့ချပေးမှုများကို စနစ်တကျလေ့လာမှတ်သားကြပြီး မိမိဒေသ၊ မိမိပြည်နယ်အတွက် အကျိုးပြုနိုင်သော သူနာပြုကောင်းများ ဖြစ်အောင်ကြိုးစားသင်ယူကြရန်ပြောကြားသည်။
ထို့နောက် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီးက သင်တန်းကျောင်းအတွင်း သင်တန်းသား၊ သင်တန်းသူများအား ပညာသင်ကြားနေမှုကို ရှင်းလင်းတင်ပြပြီး သင်တန်းသား၊ သင်တန်းသူများအတွက် ဆန်နှင့် ထောက်ပံ့ငွေများ ပေးအပ်မှုအပေါ်ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာကြည်လွင်က သင်တန်းဆင်းသင် တန်းသား၊ သင်တန်းသူများသူများကို ဆေးရုံ၊ ဆေးခန်းများတွင် ခန့်အပ်တာဝန်ထမ်းဆောင်နေမှုတို့ကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားပြီး ပြည်နယ်အစိုးရအဖွဲ့မှ သူနာပြုနှင့်သားဖွား သင်တန်းကျောင်းသို့ ထောက်ပံ့သည့် ဆန်အိတ်(၁၀၀)နှင့် ငွေကျပ်(၁၀)သိန်းကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် သင်တန်းသား၊ သင်တန်းသူများက လက်ခံရယူကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)