ကျောက်ဖြူ နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက စက်တင် ဘာ (၂၆) ရက်နေမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် Biometric Data ဇီဝဆိုင်ရာအချက် အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းအထိ ၂၆၆၈ ဦး ကောက်ယူခဲ့ပြီးဖြစ်သည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်/မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက် (၁၀)နှစ်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data ကောက်ယူရာ၌ Face Recognition, Iris, Finger Print နှင့် ဂဏန်း၁၀လုံးပါ Unique ID နံပါတ်ကို သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေးဆောင်ရွက်ပေးလျက်ရှိသည်။ အဆိုပါ UID Management System ပြုလုပ်ရန် လာရောက်သူများအနေဖြင့်လည်း နိုင်ငံသားစိစစ်ရေး ကတ်ပြားများ တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း၊ Face Recognition နှင့် Iris ပြုလုပ်စဉ် မျက်မှန်တပ်ဆင်ခြင်း၊ မျက်ကပ်မှန်တပ်ထားခြင်း၊ သနပ်ခါးပါးကွက်များလိမ်းခြယ်ခြင်း၊ မိတ်ကပ် ထူထူလိမ်းခြယ်ထားခြင်းများမပြုလုပ်ရန် လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူ များအား သတ်မှတ်ရက်များအလိုက် အလှည့်ကျလာရောက်စေရန် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ နိုးဆော်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။
အဆိုပါ ကျောက်ဖြူမြို့နယ်တွင် အသက်(၁၀)နှစ်အထက် နိုင်ငံသာစိစစ်ရေးကတ်ပြား ဆောင်ရွက် ပေးပြီးသူ ၁၇၆၆၄၇ ဦးရှိပြီး Biometric Data ဇီဝဆိုင်ရာအချက်အလက်များ စာရင်း ကောက်ယူလျက်ရှိရာသို့ လာရောက်ပြုလုပ်သူ ကျား ၁၁၆၅ ဦး၊ မ ၁၅၀၃ ဦး စုစုပေါင်း ၂၆၆၈ ဦးရှိကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း