စစ်တွေမြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

စစ်တွေ    နိုဝင်ဘာ  ၁၂

စစ်တွေခရိုင်၊ စစ်တွေမြို့နယ်၌ မိုးစပါးတစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိုးစပါး ၀ ဒသမ ၁၀ ဧကစံကွက် ရိတ်သိမ်းပွဲကို ရွာသစ်ကေကျေးရွာ ကွင်းအမှတ် (၅၇၀) ၊ ဦးပိုင်အမှတ် (၉) ကြက်ကိုင်းတန်ကွင်း၊ တောင်သူ ဦးထွန်းဝင်း၏ လယ်မြေတွင် ဆောင်ရွက်ကြသည်။

စံကွက်ရိတ်သိမ်းပွဲသို့ စစ်တွေခရိုင်၊ မိုးစပါးစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စစ်တွေခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူဦးကြီးများ တက်ရောက်ကြသည်။

မိုးစပါးစံကွက် ၀ ဒသမ ၁၀ ဧကရိတ်သိမ်းရာ၌ တောင်သူဦးထွန်းဝင်း စိုက်ပျိုးထားရှိသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် တောင်သူများအတွက် နိုင်ငံတော်မှထောက်ပံ့သော  မျိုးစပါး GW-11 အမျိုးအစားကို စံကွက်ရိတ်သိမ်းခြင်းဖြစ်ရာ တစ်ဧကအထွက်နှုန်း အစိုတင်းမှာ (၁၆၄ ဒသမ ၂၅) တင်းထွက်ရှိပြီး အခြောက်တင်း (၁၅၂ ဒသမ ၈၂) တင်းထွက်ရှိကြောင်းသိရသည်။

စစ်တွေမြို့နယ်၌ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်အတွင်း မိုးစပါးလျာထားဧက ၂၂၀၀၈ ဧကကိုလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)