ရခိုင်ပြည်နယ် မောင်တောမြို့၌ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော် အသစ်တင်လှူပူဇော်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေများ ပေးအပ်

မောင်တော နိုဝင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော် အသစ်တင်လှူပူဇော်နိုင်ရန်အတွက် ဒုတိယအကြိမ်မြောက် အလှူငွေများပေးအပ်ခြင်းကို နိုဝင်ဘာ ၁၀ရက်နေ့ နံနက် ၉ နာရီ အချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီး ဒေါ်ခင်စန္ဒာဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်သူဝင်း နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ၊  ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအလှူရှင်များနှင့် ဖိတ်ကြားထားသော အလှူရှင်ဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော် အသစ်တင်လှူပူဇော်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ လှူဒါန်းငွေကျပ် ၂၈၆၄၁၀၀၀ တိတိအား  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးမှ လှူဒါန်းပေးအပ်ရာ ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။ ထို့နောက် မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဗိုလ်မှူးချုပ်တင်ဆွေမှ လှူဒါန်းငွေ ၅ သိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီးဒေါ်ခင်စန္ဒာဝင်းတို့မှ လှူဒါန်းငွေ ၉ သိန်းတို့အား  ဆက်လက် လှူဒါန်းပေးအပ်ခဲ့သည်။ ယင်းနောက်  ရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် တင်လှူပူဇော်မည့် တတိယဘုံ၊ စတုတ္တဘုံ၊ ပဉ္စမဘုံ အဆင့်များအတွက် သီးခြားအလှူရှင်များက  လှူဒါန်းသောငွေ  ၇၂ သိန်း နှင့် မြို့သူ၊မြို့သားများမှ စုပေါင်းလှူဒါန်းငွေ  ၂၉၄၅၆၈၀ ကျပ်သိန်းအား လှူဒါန်းပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူခဲ့သည်။  ဆက်လက်၍ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများ၊ ကုမ္ပဏီများ၊ စေတနာရှင်အလှူရှင်များတို့မှ လှူဒါန်းငွေ အသီးသီးအား တာဝန်ရှိသူများက ထောက်ပံ့လှူဒါန်းခဲ့ကြရာ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီ ဂေါပကအဖွဲ့ဥက္ကဋ္ဌမှ လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိသာသနာ့ရိပ်သာ (အလိုတော်ပြည့်)ကျောင်းတိုက်၏ ဦးစီးပဓာန နာယက မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော် ဩဝါဒစရိယ  မဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တမဏိသာရ အရှင်သူမြတ်မှ သရနိယ ဩဝါဒ ဂါထာချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

အဆိုပါ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော် အသစ်တင်လှူပူဇော်နိုင်ရန်အတွက် ပထမအကြိမ်နှင့် ဒုတိယအကြိမ် စုစုပေါင်း အလှူငွေလက်ခံရရှိမှုမှာ ၈၀၀၉၆၆၅၀ ကျပ်တိတိ ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)