ရသေ့တောင် နိုဝင်ဘာ ၁၁
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်းပိုမို ထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က မိုးစပါး(၀.၁၀)ဧက စံကွက်ရိတ်သိမ်းပွဲကို ခနောင်းကြီးကျေးရွာ၊ ကွင်းအမှတ် (၄၁၂ခ)၊ ဦးပိုင်(၁၄-ဃ)၊ ချီးဖောင်တောင်ကွင်းတောင်သူ ဦးထွန်းသိန်း၏ လယ်မြေတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ GW-11 စပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီ၀င်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် တောင်သူများက တက်ရောက်ကြသည်။
မိုးစပါးစံကွက်(၀.၁၀)ဧက ရိတ်သိမ်းရာ၌ တောင်သူ ဦးထွန်းသိန်း စိုက်ပျိုးထားရှိသည့် GW-11 စပါးအမျိုးအစားအား စံကွက်ရိတ်သိမ်းခြင်းဖြစ်ကာ အထွက်နှုန်းမှာ အစို (၁၂၇) တင်း၊ အခြောက် (၁၁၇) တင်း ထွက်ရှိခဲ့ပြီး မြို့နယ်၏ မိုးစပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်စေရေးနှင့် အပင်ပြုစုခြင်းဆိုင်ရာ နည်းစနစ်များကို မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ရသေ့တောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍရေးနှစ်အတွင်း မိုးစပါးလျာထားဧက ၇၈၀၆၂ ဧကကို လျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်နှုန်းတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ၏ လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထွန်းလင်းကျော် (ပြန်/ဆက်)