ပုဏ္ဏားကျွန်းမြို့၌ မီးဘေးလုံခြုံရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများအား ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း ဌာနဆိုင်ရုံးအဆောက်အဦးများအား မီးသတိမူရေး ကွင်းဆင်းစစ်ဆေးအကြံပေးခြင်းကို ယမန်နေ့၊ မွန်းလွဲပိုင်းက မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်ရဲတပ်ဖွဲ့ရုံး၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ကြရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီး ဦးဇော်သန်းထွန်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦး၊ မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဈေးကော်မတီများ ပူးပေါင်းအဖွဲ့သည် မြန်မာ့စီးပွားရေးဘဏ်နှင့် မြို့နယ်ရဲတပ်ဖွဲ့ရုံးခြံဝင်းအတွင်းရှိ ဝန်ထမ်းများ နေအိမ်အဆောက်အဦများတွင် မီးချိတ်၊ သဲအိတ်နှင့် မီးသတ်ဆေးဘူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများအား သိုလှောင်ထားခြင်း မပြုကြရန် အကြံပြုဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြုံတွေ့လာပါက မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြပြီး၊ မီးဘေးကြိုအန္တရာယ်တင်ကာကွယ်ရေး လက်ကမ်းစာစောင်များအား အခမဲ့ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင် (ပြန်/ဆက်)