မအီမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပဆောင်ရွက်

မအီ နိုဝင်ဘာ ၁၁

ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြသခဲ့သည်။

အဆိုပါ ဟောပြောပွဲ၌ မအီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးသက်နောင်ထွန်းက "လူငယ်နှင့်ပညာ” ခေါင်းစဥ်ဖြင့် ဟောပြောရာတွင် လူငယ်များ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့်ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံရန် လိုအပ်ကြောင်း၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ သုတစာပေနှင့် ရသစာပေများကို ခွဲခြားသိရှိထားရန်လိုအပ်ကြောင်း ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းမှ ဟောပြောရာ၌ လူငယ်များတွင် အသိနှင့်ပညာသည် အရေးကြီးကြောင်း၊ လူငယ်များအနေဖြင့် အသိပညာ အတတ်ပညာပေါင်းစပ်ပြီး မိမိအကျိုး၊ နိုင်ငံအကျိုး၊ လူထုအတွက် အကျိုးပြုသည့် ဆောင်ရွက်ချက်များကို ပေးအပ်ရန်လိုအပ်ကြောင်း၊ အခုလို လူငယ်များအတွက် အသိပညာပေး ဟောပြောပွဲကို အ.ထ.က(ခွဲ) ဂျီဖြူတောင်ကျောင်းနှင့် ပူးပေါင်းဆောင်ရွက်ပေးသည့် သက်ဆိုင်ရာတာဝန်ရှိသူများကို များစွာကျေးဇူးတင်ပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ကျောင်းသားလူငယ်များအတွက် အလားတူ အသိပညာပေး ဆောင်ရွက်ခြင်းများကို အလေးထား၍ ကြိုးစားဆောင်ရွက်ပေးသွာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် ဟောပြောပွဲတက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် "ကလေးအလုပ်သမား ပပျောက်ရေး" နှင့် "အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး" အသိပညာပေး နံရံကပ်စာစောင်တို့အား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

 

မောင်မောင်ဌေး (ပြန်/ဆက်)