မောင်တော နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ စားသုံးသူ ပြည်သူများသို့ ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့မအနောက်ရပ်ကွက်၊ ဒါက်ရွာရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီများ ရောင်းချပေးခဲ့ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
မောင်တောမြို့၌ Agri One Trading Co., Ltd ကုမ္ပဏီမှ ဆီစားသုံးသူများအား မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကြီးကြပ်လျက် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၊ မြို့နယ်စားသုံးဆီရောင်းကိုယ်စားလှယ် ဦးတင်အောင်မိုး ဦးဆောင်သောအဖွဲ့မှ မြို့မအနောက်ရပ်ကွက်၊ ဒါက်ရွာရပ်ကွက်နေ ပြည်သူများသို့ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ် နှုန်းဖြင့်ဆီ ၅၅၀ ပိဿာအား လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြသည်။ ထိုသို့ ရပ်ကွက်များအတွင်း စားသုံးဆီ ရောင်းချရာတွင် နိုဝင်ဘာ ၇ ရက်နေ့မှ ၉ ရက်နေ့ထိ မြို့ပေါ်ရပ်ကွက် သုံးနေရာတွင် စားသုံးဆီ ၁၆၅၀ ရောင်းချပေးခဲ့ပြီးဖြစ်ကြောင်းနှင့် နိုဝင်ဘာ ၁၁ ရက်နေ့ထိ သတ်မှတ်ရပ်ကွက်နေရာတွင် ဆက်လက် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် (ပြန်/ဆက်)