ကျောက်ဖြူမြို့၌ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်အရ ဌာနဆိုင်ရာနှင့်ပြည်သူလူထု တစ်ရပ်လုံးပါဝင်သော စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်

ကျောက်ဖြူ နိုဝင်ဘာ ၉

၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်အတွင်း ရခိုင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ အမှိုက်ကောက်ပွဲကို ယနေ့နံနက် ၇ နာရီအချိန်ကစတင်ကာ ကျောက်ဖြူမြို့အဝင် Welcome to kyaukphyu ဆိုင်းဘုတ်အနီးမှ ခရိုင်လမ်းဦးစီးရုံးအထိ ပင်လယ်ကမ်းခြေတစ်လျှောက် စုရပ်သုံးခုဖြင့် ဌာနဆိုင်ရာနှင့် ပြည်သူလူထုတစ်ရပ်လုံးပါဝင်သော အမှိုက်ကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အမှိုက်ကောက်ပွဲသို့ ခရိုင်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက စုရပ်များဖြစ်သည့် Welcome to kyaukphyu စုရပ်၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုရပ်နှင့်အစိုးရအဖွဲ့ဧည့်ရိပ်သာမှ ခရိုင်လမ်းဦးစီးရုံးစသည့် စုရပ် ၃ ခုတို့မှ ပင်လယ် ကမ်းခြေတစ်လျှောက်တွင် စွန့်ပစ်ပစ္စည်းများနှင့် ပင်လယ်ဒီရေအတက်အကျတွင် ပါလာသောအမှိုက်များကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၁၇၀ ကျော်ဖြင့် စုပေါင်းအမှိုက်ကောက်နေမှုအား လှည့်လည်ကြည့်ရှုအားပေး ကြသည်။

ယခုနှစ် စုပေါင်းအမှိုက်ကောက်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပင်လယ်သမုဒ္ဒရာများကို ညစ်ညမ်းစေသော အဏ္ဏဝါသက်ရှိများကို ပျက်စီးစေသော လူသားတို့၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကိုလျှော့ချခြင်း၊ ရေရှည်စဉ်ဆက်မပြတ်သော အခြားနည်းလမ်းများ၊ ပစ္စည်းများကိုရှာဖွေဖော်ထုတ်ခြင်းများ၊ စက်မှုလုပ်ငန်းများ၊ ပြည်သူလူထုအစုအဖွဲ့များနှင့် တစ်ဦးချင်းစီ အတူတကွပူးပေါင်း ဆောင်ရွက်ကြမှသာ စွန်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို လျော့ချနိုင်ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွမ်းမိုးထက်က ပြောသည်။

ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစီမံချက်အရ စုပေါင်းအမှိုက်ကောက်ပွဲ လှုပ်ရှားမှုကို ကျောက်ဖြူကမ်းခြေ၊ ပြင်ဖြူမော် (ဒီရေတောစိုက်ခင်း) အစရှိသောအထင်ကရနေရာများတွင် စုပေါင်းအမှိုက်ကောက်ခြင်း၊ ဗီနိုင်းပိုစတာစိုက်ထူခြင်း၊ စာသင်ကျောင်းများတွင် အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ ပညာပေးဗီဒီယိုများပြသခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)