စစ်တွေမြို့၌ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

စစ်တွေ နိုဝင်ဘာ ၉

ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၅) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို နိုဝင်ဘာလ(၇)ရက်နေ့ညနေ ၆ နာရီက စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ အမျိုးသားရေးမျှော်မှန်းချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး၌ အဓိကကျသော ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူကယုံကြည်အားထားရသည့် အုပ်ချုပ်ရေးယန္တရားကောင်းဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့်ဖြစ်ပေါ်လာပုံအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်တာဝန်ရှိသူတို့က ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထူးချွန်ဝန်ထမ်းများအား ဆုချီးမြှင့်ပေးကြပြီး ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ကပြဖျော်ဖြေတင်ဆက်ခဲ့ကြကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)