ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကျင်းပ

မောင်တော နိုဝင်ဘာ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ၊ အသိပညာဗဟုသုတမြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်/ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကြီးကြပ်ရေးမှူးဆရာကြီးနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မောင်တောမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲကို  ကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  မူလတန်း(ထက်ဆင့်)နှင့် အလယ်တန်းဆင့်  ကျောင်းသား/သူများအား မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင် ဖြေဆိုသူ (၄၉)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်သူ(၆၄)ဦး စုစုပေါင်း (၁၁၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး Grade 5 မှ Grade 9 ထိ  အတန်းလိုက်တစ်တန်းလျှင် တစ်ဦးစီရွေးချယ်၍ ပြည်နယ်အဆင့်သို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်