ဂွ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အလယ်ရွာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားကို အစီအစဥ်(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။ ပထမပိုင်းအစီအစဥ်အနေဖြင့် ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မစခန်းမှူးဒုရဲမှူးဝင်းအောင်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း/လမ်းစည်းကမ်းအသိပညာပေးခြင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့်အားကစားကဏ္ဍ အကြောင်း အသိပညာပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်ရေးရာအသိပညာပေး ဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဒုတိယပိုင်း အစီအစဥ်အနေဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အလယ်ရွာမှ Grade-6 မှ ကျောင်းသား မောင်မင်းဝသုန်ဖြိုးက လူငယ်နှင့်အားကစားဖွံ့ဖြိုးတိုးတက်မှုနှင့် ကျောင်းသူမနှင်းအိခိုင်ဝင်းက လူငယ်ပညာရေးဖွံ့ဖြိုးမှု၊ Grade-5 မှ ကျောင်းသား မောင်ကောင်းခန့်ဦးက လူငယ်နှင့်စည်းကမ်းဖွံ့ဖြိုးတိုးတက်မှု၊ Grade-9 မှ ကျောင်းသူ မဆွေဇင်ခိုင်က လူငယ်နှင့်အတွေးအမြင်စသည့် လူငယ်နှင့်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဥ်အောက်မှ အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့နောက် အ.လ.က(ခွဲ)၊ အလယ်ရွာကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက လူငယ်စကားဝိုင်း ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်