ကျောက်တော် နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌ မိုးစပါး(၁)ဧက အထွက်နှုန်း ပိုမိုထွက်ရှိနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မိုးစပါး(၀.၁၀) ဧက စံကွက်ရိတ်သိမ်းပွဲကို အပေါက်ဝကျေးရွာအုပ်စု၊ အပေါက်ဝကျေးရွာ၊ ကွင်းအမှတ်(၇၁၁ B)၊ ဦးပိုင်(၅၈)တောင်သူ ဦးမောင်နီ၏ လယ်မြေတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့ ကျောက်တော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်/တိုးမြှင့်ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးနည်းပညာပေးဝန်ထမ်းများ၊ ကျေးရွာအုပ်စု(၂) အုပ်စုမှ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးသည်။
မိုးစပါးစံကွက်(၀.၁၀)ဧကရိတ်သိမ်းရာ၌ တောင်သူဦးမောင်နီ စိုက်ပျိုးထားရှိသည့် လယ်မြေ(၁၅)ဧကတွင် စိုက်ပျိုးထားရှိသည့် GW-11 စပါးမျိုးကွဲအား စံကွက်ရိတ်သိမ်းခြင်းဖြစ်ကာ (၀.၁၀)ဧကတွင် အထွက်နှုန်းအနေဖြင့် အစိုထွက်နှုန်း (၁၄၄.၉၂)တင်းနှင့် အခြောက်ထွက်နှုန်း (၁၃၀.၄၃)တင်း ထွက်ရှိခဲ့ရာ မြို့နယ်၏ မိုးစပါးအထွက်နှုန်း ပိုမိုတိုးတက်လာစေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ စိုက်စနစ်မှန်ကန်စေရေးနှင့် အပင်ပြုစုခြင်းဆိုင်ရာနည်းစနစ်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း