ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၅) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်ကျင်းပ

မောင်တော နိုဝင်ဘာ ၈

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက နိုင်ငံတော်၏ရည်မှန်းချက်များ  အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မိမိတို့ဌာနသည် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေး၌ အဓိကကျသောဌာနတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ပြီး  ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဉပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူက ယုံကြည်အားထားသည့် အုပ်ချုပ်ရေးယန္တရားကောင်းဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်ပြည့်ပင်စင်ယူပြီး နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသည့် ဝန်ထမ်းများအား အတုယူကြစေလိုကြောင်းပြောကြားပြီး ဌာန၏ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး သက်ပြည့်အငြိမ်းစားယူခဲ့ကြသည့် ဝန်ထမ်းဟောင်းများအား ဂုဏ်ပြုလက်ဆောင်နှင့်ဖိတ်ကြားထားသော ဧည့်သည်တော်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ဝန်ထမ်းများအထဲမှ  အလုပ်ကြိုးစားဆုံးဆု၊ ခွင့်မယူသောဆု၊ တာဝန်ထမ်းဆောင်မှု အကောင်းဆုံးဆုနှင့်  နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊ လွန်ဆွဲပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲများတွင် ဆုရရှိသောအသင်းများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် အောင်ဗလဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်ကြီးအား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ဆန်နှင့်ဆီအား လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန်(ပြန်/ဆက်)