မြောက်ဦး နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၁ နာရီအချိန် ဗန္ဓုလရပ်ကွက် အ.မ.က (မူလွန်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယလက်ထောက်ဦးစီးမှူး ဒေါ်နိုင်နိုင်ဌေးက "ရေထုညစ်ညမ်းမှု အကြောင်းသိကောင်းစရာ"နှင့် ပတ်သက်၍ပြောကြားရာ ကမ္ဘာမြေပေါ်တွင်ရှိသော ရေအရင်းအမြစ်ညစ်ညမ်းမှုနှင့် ပတ်သက်သည့်အကြောင်း၊ ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာရသည့်အကြောင်း၊ ရေ၏အရေးပါပုံအကြောင်း၊ ရေထု၏ကောင်းကျိုး၊ ဆိုးကျိုးများအကြောင်း၊ ကျန်းမာရေးပြဿနာများအကြောင်း၊ ရေထုညစ်ညမ်းမှုကို လျော့ချနိုင်မည့်နည်းလမ်းများဆိုင်ရာ သိကောင်းစရာအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့သည်။
အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)