ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

မောင်တော   နိုဝင်ဘာ  ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိသည်။ 

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက်အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး ဝန်ထမ်းဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်/ကျေးရွာများရှိ စုရပ်အသီးသီးတွင် ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းများကို  ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးတွင်လည်း ပုံမှန်ထိုးနှံ ပေးလျက်ရှိကြောင်း  သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်