အမ်း နိုဝင်ဘာ ၇
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ၂၀၂၃-ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သည့် (၃၅)ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူခြင်းကို ယနေ့နံနက်ပိုင်းက ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါ အန္တရာယ်ကင်းပရိတ်တရားတော်နာယူခြင်းကို နံနက် ၅ နာရီ ၄၅ မိနစ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်လည်းကောင်း၊ နံနက် ၁၀ နာရီတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင်လည်းကောင်း သက်ဆိုင်ရာ အစည်းအဝေးခန်းမများ၌ ပြုလုပ်ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဝန်ထမ်းများက ဦးစွာနမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဝဏ္ဏိတာရာမ စာသင်တိုက်ဆရာတော်ဝဏ္ဏိတထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားတော်မူအပ်သော ပရိတ်တရားတော်အား နာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ သံဃာတော်အရှင်သူမြတ်များထံမှ ရေစက်ချအနုမောဒနာတရားများ နာယူခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားယူသွားသည့် ဝန်ထမ်းများအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအား တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)