စစ်တွေ နိုဝင်ဘာ ၃
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ပြိုင်ပွဲ၌ ရခိုင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့် ဂုဏ်ပြုဆု ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အာရီယန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ ရခိုင်ပြည်နယ်က ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ကြီးကြပ်သူ၊ အဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြိုင်ပွဲဝင်များအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲကြီးမှာ ရွှေတံဆိပ်(၄)ဆု၊ ငွေတံဆိပ်(၉)ဆု၊ ကြေးတံဆိပ်(၃)ဆု၊ နှစ်သိမ့်ဆု(၁)ဆု အသီးသီးဆွတ်ခူးရရှိခဲ့ပြီး နိုင်ငံတော်အဆင့်တွင် အဋ္ဌမအဆင့်ရရှိခဲ့သဖြင့် မိမိတို့အနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ပြောကြားလိုကြောင်း၊ ယခုကဲ့သို့ ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ခြင်းသည်လည်း ပညာရှင်များ၊ နည်းပြဆရာ၊ ဆရာမများ၊ ကြီးကြပ်ဆောင်ရွက်ပေးကြသူများနှင့် ပြိုင်ပွဲဝင်များအားလုံးတို့က စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့်လည်းဖြစ်ကြောင်း၊ နောင်လာမည့် (၂၅) ကြိမ်မြောက် ပြိုင်ပွဲကြီးတွင်လည်း ယခုထက်ပိုမိုမြင့်မားသည့်အဆင့်ဖြင့် အောင်မြင်မှုများရရှိနိုင်ရေးအတွက် လာမည့်တစ်နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်မှ ရွက်ပုန်းသီးပညာရှင်များနှင့် ဝါသနာရှင်များအား ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးခြင်း၊ ယခုနှစ်ပြိုင်ပွဲကြီးမှ အားနည်းချက်များ၊ အားသာချက်များကို သင်္ခန်းစာယူပြီး ပိုမိုကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှိုင်က (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်သွားရောက်ယှဉ်ပြိုင်ခဲ့သည့် အတွေ့အကြုံများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် ရွှေတံဆိပ် (၂)ဆုရှင် မစိုးယုနန္ဒာက ကျေးဇူတင်စကား ပြန်လည် ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတာဝန်ရှိသူများက ပြိုင်ပွဲဝင်များနှင့်နည်းပြများ၊ အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။
(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့်ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်မှ ပြိုင်ပွဲဝင် ၈၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်အုပ်ချုပ်သူများ၊ ဆရာ၊ ဆရာမများသည် နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတို့တွင် နေပြည်တော်မှ မြန်မာအမျိုးသားလေကြောင်းဖြင့် စစ်တွေလေဆိပ်သို့ ရောက်ရှိလာကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)