ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်

ဘူးသီးတောင် နိုဝင်ဘာ ၂

ဘူးသီးတောင်မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး မျိုးကျော်သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်၍ အသိပေးနှိုးဆော်ခြင်းများဆောင် ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မိဘပြည်သူများအနေ မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မိမိနေအိမ်ပတ်ဝန်းကျင်တွင် ချက်ပြုတ်သုံးစွဲသည့် လျှပ်စစ်မီး၊ မီးဖိုများမှ မီးလန့်မှုများ၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်အောင် မီးကိုအထူးသတိပြု၍ ချက်ပြုတ်သုံးစွဲကြရန်၊ မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်နိုင်ရန်အတွက် ထားရှိအပ်သော ရှေးဦးမီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများအား အသင့်တပ်ဆင်ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားကြရန် ပြည်သူများသိရှိလိုက်နာရမည့် စည်းကမ်းချက်များကို မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။

လှကျော်( ပြန်/ဆက်)