မအီ နိုဝင်ဘာ ၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ဝါတွင်းကာလ(၃)လပတ်လုံး ဥပုသ်နေ့တိုင်း၌ မြို့ပေါ်နှင့် နီးစပ်ရာကျေးရွာ ဘုန်းတော်ကြီးကျောင်း(၂၂)ကျောင်းမှ သံဃာတော်အပါး(၇၆)ပါးတို့အား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ ဆွမ်းသိမ်းပွဲ အခမ်းအနားကို မအီမြို့၊ ဆွမ်းလောင်းအသင်းလူငယ်များက ဦးစီးဆောင်ရွက်၍ အဆိုပါ ဆွမ်းလောင်းအသင်းတည်ရှိရာ မအီမြို့၊ အမှတ်(၃)ရပ်ကွက်တွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပဆောင်ရွက်ရာတွင် မအီမြို့ပေါ် အင်တောင်ကျောင်းတိုက်၊ ဥက္ကံတောင်ကျောင်းတိုက်၊ ရတနာမာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်နှင့် ကင်းခြေရွာမကျောင်းတိုက်တို့မှ သံဃာတော်တို့အားပင့်ဖိတ်၍ ရှေးဦးစွာ အင်တောင်ကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရထံ၌ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်သံဃာတော်များက မင်္ဂလသုတ်၊ ရတနာ့သုတ်၊ မေတ္တာသုတ်တို့အား ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ယင်းနောက် ကင်းခြေရွာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားများကို နာယူခဲ့ကြပြီး ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဇောတထံ၌ ဝါတွင်းကာလပတ်လုံး အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည့် အလှူရှင်များ၏ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ ဆွမ်းသိမ်းပွဲအခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့သည်။
ဆက်လက်၍ ဆရာတော်သံဃာတော်တို့အား နဝကမ္မလှူဖွယ်ဝတ္ထုများနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာကြသည့် တရားနာပရိတ်သတ်တို့အား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
အဆိုပါဆွမ်းလောင်းအသင်းကို ၂၀၂၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဝါတွင်းကာလတစ်လျှောက် အရုဏ်ဆွမ်းလောင်းလှူခဲ့ကြရာ ယခုနှစ်သည် စတုတ္ထအကြိမ်မြောက်ဖြစ်ကြောင်း ဆွမ်းလောင်အသင်းမှ ကိုဇော်ဝင်းအောင်က ပြောသည်။
မောင်မောင်ဌေး(ပြန်/ဆက်)