သံတွဲမြို့၌ တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေးလုပ်ငန်း ဆောင်ရွက်

သံတွဲ နိုဝင်ဘာ ၁

သံတွဲခရိုင်၊ သံတွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရေး လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက သံတွဲမြို့နယ် ခြံပြင် ကျေးရွာအုပ်စုအတွင်း စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာရင်းကောက်ယူရာတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့် တိရစ္ဆာန်ကျန်းမာရေးလုပ်သား စာရင်းကောက်များ ပူးပေါင်းကောက်ယူနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

အဆိုပါ စာရင်းကောက်ယူခြင်းမှာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်း ဇယားများအား အတည်ပြုထုတ်ပြန်နိုင်ရေးနှင့် တိရစ္ဆာန်ကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှု စံနှုန်းများအား  သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သံတွဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သန့်ဇင်(ပြန်/ဆက်)