ကျောက်ဖြူ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့၌ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရေးလုပ်ငန်းကို ခရိုင်/မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရပ်သား ပြည်သူများက ယနေ့နံနက်ပိုင်းက အုပ်စုများခွဲ၍ ကညင်တောရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ခရိုင်/မြို့နယ် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက လိုက်လံကြည့်ရှုအားပေးသည်။
အဆိုပါ “နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်းသည် ဒေသအတွင်းမှ တိရစ္ဆာန်များအား မွေးမြူထားရှိမှု၊ စားသုံးမှု၊ ပိုလျှံမှု၊ တင်ပို့မှု တင်သွင်းမှုများကိုသိရှိစေမည်ဖြစ်ပြီး မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးရေးအတွက် ဒေသနှင့်ကိုက်ညီသော မွေးမြူရေးများကို တိုးချဲ့မွေးမြူကာ ဒေသစားသုံးမှုမှ ပိုလျှံသည်များကို အခြားတိုင်းဒေသကြီး၊ ပြည်နယ်များအပြင် ပြည်ပနိုင်ငံများပါ တင်ပို့နိုင်ရန် နှင့် မွေးမြူသူများ၏ လူမှုစီးပွားဘဝမြင့်မား၍ မွေးမြူရေးကဏ္ဍမြင့်မားကာ နိုင်ငံ့စီးပွားမြှင့်တင်ရန်” ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်ခြင်း ဖြစ် ကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာ အောင်ကိုလတ်က ပြောကြားသည်။
ယင်းသို့ နိုင်ငံတော်အဆင့် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းကို ကျောက်ဖြူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ကျောက်ဖြူမြို့နယ်၌ ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၅၃ ရွာ၊ အိမ်ထောင်စု ၇၁၂၂ စုတွင်ဝန်ထမ်း ၃ ဦး၊ အရပ်သားပြည်သူ ၁၈ ဦးတို့ဖြင့်လည်းကောင်း၊ ရမ်းဗြဲမြို့နယ်၌ ရပ်ကွက် ၁ ရပ်ကွက်နှင့် ကျေးရွာ ၄၂ ရွာ၊ အိမ်ထောင်စု ၄၄၆၄ စုတွင် ဝန်ထမ်း ၄ ဦး၊ အရပ်သားပြည်သူ ၁၀ ဦးတို့ ဖြင့်လည်းကောင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စုစုပေါင်း ၆၁ ရက်ကြာ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)