သံတွဲမြို့၌ သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခြောက်လောင်းလှူပွဲ ကျင်းပ

သံတွဲ အောက်တိုဘာ  ၃၁

သံတွဲမြို့နယ်လုံးဆိုင်ရာ သုဓမ္မာနိကာယ ငလျင်တောင်ပဝါရဏာဂိုဏ်း ဆရာတော်ကြီးများက ကြီးမှူး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် သံတွဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် သီတင်းကျွတ်လပြည့်နေ့ ဆွမ်းခြောက် လောင်းလှူပွဲကို  ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က သံတွဲမြို့ မဟာဗောဓိစာသင်တိုက်မှစတင်၍ သံတွဲမြို့ အတွင်းလှည့်လည် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့သည်  သံဃမဟာပဝါရဏာနေ့ ဖြစ်သည်နှင့် အညီ သံတွဲမြို့နယ်လုံးဆိုင်ရာ သုဓမ္မာနိကာယ ငလျင်တောင်ပဝါရဏာဂိုဏ်း ဆရာတော်ကြီးများ ဦးဆောင်ပြီး ပုရိမဝါကပ်၍ ဝါကျိုး၊ဝါပြတ်ခြင်းမရှိသောသံဃာတော်များ သည် မဟာဗောဓိ စာသင်တိုက် သိမ်တော်မြတ်အတွင်း၌ သံဃမဟာ ပဝါရဏာပွဲတော်အားကျင်းပပြုလုပ်သည်။

ထို့နောက် သံတွဲမြို့နယ်လုံးဆိုင်ရာ သုဓမ္မာနိကာယ ငလျင်တောင်ပဝါရဏာဂိုဏ်းဝင် ဆရာတော် သံဃာတော်များ၊ ပင့်သံဃာတော်များနှင့် မဟာဂရုသံဃာတော်များ စုစုပေါင်းအပါး ၂၇၃ ပါး တို့သည် မဟာဗောဓိစာသင်တိုက်မှ စတင်၍ သံတွဲမြို့အတွင်း ဆွမ်းခြောက်တော်များ လှည့်လည်အလှူခံတော်မူကြရာ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ငလျင်တောင်ပဝါရဏာဂိုဏ်းဝင် ရွာပေါင်း(၄၃) ရွာမှ ဒါယကာ၊ ဒါယကာမများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် စေတနာရှင် အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာဖြင့် စုပေါင်း၍ စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)