မောင်တော အောက်တိုဘာ ၂၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ဆွမ်း၊ ပန်း၊ ဆီမီးများဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က မြို့ဦးရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိ သာသနာ့ရိပ်သာ (အလိုတော်ပြည့်) ကျောင်း တိုက်၏ ဦးစီးပဓာန နာယက မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီတော်ကြီးတွင် ဩဝါဒစရိယ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိသာရ အရှင်သူမြတ်မှ မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်တွင် ဆွမ်း၊ ပန်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်း နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရာ အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့် ဇနီး ဒေါ် ခင်စန္ဒာဝင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မြင့်သိန်း၊ စေတနာအလှူရှင် မိသားစုတို့က ဆွမ်း၊ ပန်း၊ဆီမီးများ၊ ဘုရား ရေချမ်း အိုးကပ်လှူပူဇော်ခြင်း၊ သစ်သီး ဆွမ်းတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ အခမ်းအနားသို့ အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးနှင့်ဇနီး ဒေါ်ခင်စန္ဒာဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
ထို့အပြင်မြို့ပေါ်ရပ်ကွက်များတွင်လည်း ယနေ့သီတင်းကျွတ်လပြည့်နေ့၊ နေ့လယ်ပိုင်းတွင်လည်း မြို့မကျောင်းတိုက်မှ ဦးဆောင်ကာ ပြည်သူလူထုများစုပေါင်း၍ ဆရာတော်၊ သံဃာတော်(၁၅၀)နီးပါးအား မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်းများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)