ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

စစ်တွေ အောက်တိုဘာ ၂၈

ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ  ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သဘာဝဘေးပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်မှုများအနေဖြင့် အဆင်ပြေချောမွေ့မှုများရှိပါကြောင်း၊  ရုံးပိတ်ရက်ကာလလည်းရှိနေတဲ့အတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းတွေ အဆက်မပြတ်သွားစေရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးကဏ္ဍများတွင် စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်နေသည့်ဝန်ထမ်းများအား ဂုဏ်ပြုပွဲလည်းလုပ်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်းပြီး လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဝင်းမင်းစိုး (ပြန်/ဆက်)